
ကိုမိုအသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအယ်လီကို ခေါ်ယူဖို့ လာလီဂါကလပ်(၄)သင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အသက်(၂၉)နှစ်သာရှိသေးတဲ့ အယ်လီဟာ စပါးအသင်းမှာ နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာတော့ အဲဗာတန်အသင်းကို ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီး ခြေစွမ်းကျဆင်းလာတာကြောင့် အဲဗာတန်အသင်းမှာ ပွဲအနည်းငယ်သာ ကစားခွင့်ရခဲ့ပြီး စာချုပ်ကုန်ချိန်မှာ လမ်းခွဲခဲ့ရပါတယ်။
၂၀၂၅ ဇန်နဝါရီမှာ ကိုမိုအသင်းက (၁၈)လစာချုပ်နဲ့ ခေါ်ယူခဲ့ပေမဲ့ တစ်ပွဲသာ ကစားခွင့်ရခဲ့ပြီး နည်းပြ ဖာဘရီဂတ်စ်က သဘောမကျတာကြောင့် ဒီလအစောပိုင်းမှာပဲ လမ်းခွဲခဲ့ရတာပါ။
ဒါပေမဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တာကြောင့် လာလီဂါကလပ်တွေဖြစ်တဲ့ ဗယ်လက်ကာနို၊ အိုဗီယေဒို၊ အယ်လ်ချီနဲ့ လီဗန်တေးတို့က စိတ်ဝင်စားနေခြင်းဖြစ်ပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်က အသင်းတချို့ကလည်း ခေါ်ယူဖို့ လိုလားနေတယ်လို့ သိရပါတယ်။