
အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား မိုဒရစ်က မိမိအသက်အရွယ်ကို လူတွေ သတိရမနေဖို့ မျှော်လင့်ကြောင်း ဘိုလော့ဂ်နာကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ မိုဒရစ်က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။
မိုဒရစ်ဟာ စက်တင်ဘာ(၉)ရက်မှာ အသက်(၄၀) ပြည့်ခဲ့တာကြောင့် အသက်(၄၀)ကျော်မှ စီးရီးအေမှာ ဂိုးသွင်းနိုင်တဲ့ ပဥ္စမမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မိုဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အတွက် အေစီမီလန်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာခဲ့တာပါ။
''လူတွေအနေနဲ့ ကျွန်တော့်ရဲ့အသက်အရွယ်ကို နောက်ထပ် သတိရမနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အလီရဲ့ ပေးပို့မှုက ကောင်းမွန်တာကြောင့် ကျွန်တော် လွယ်လွယ်ကူကူ ဂိုးသွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ယုံကြည်မှုပိုရှိလာပြီး ပိုကောင်းလာမှာ သေချာပါတယ်'' လို့ မိုဒရစ်က ပြောကြားခဲ့ပါတယ်။