
ဝက်စ်ဟမ်းအသင်းဟာ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်ပြီး နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း နူနိုဆန်တိုကို အစားထိုးခန့်အပ်ဖို့ ချိန်ရွယ်နေကြောင်း သတင်းထွက်လာပါတယ်။
ဝက်စ်ဟမ်းအသင်းက အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ (၂)နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ထားတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၁၄)နေရာနဲ့ အဆုံးသတ်ခဲ့ရသလို၊ ဒီရာသီမှာလည်း တိုးတက်မှု သိပ်ရှိမလာတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ဂရေဟမ်ပေါ်တာဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်က ထပ်မံထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် မန်ယူနည်းပြ အာမိုရင်မ်နဲ့အပြိုင် ရေပန်းစားနေကြောင်း သိရပါတယ်။
ပေါ်တူဂီနည်းပြ နူနိုဆန်တိုက နော်တင်ဟမ်ဖောရက်စ်အသင်းကို အကောင်းဆုံး ဦးဆောင်မှုပေးနိုင်ခဲ့ပေမဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် စက်တင်ဘာ(၉)ရက်မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါကြောင့် ဝက်စ်ဟမ်းအသင်း တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်အတွေ့အကြုံ ရင့်ကျက်ပြီးသားဖြစ်တဲ့ နူနိုဆန်တိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။