
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဆိုစီဒက်ကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲက နောက်ခံလူ ဟူဆန်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ သိရပါတယ်။
ဟူဆန်ဟာ ပွဲချိန်(၃၂)မိနစ်မှာ ပြိုင်ဘက်ကစားသမား အော်ယာဇာဘယ်လ်ကို တားဆီးရာမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ရီးယဲလ်အသင်းအနေနဲ့ တစ်ယောက်လျော့သွားတာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ရီးယဲလ်နည်းပြ ရှာဘီအလွန်ဆိုကတော့ ဟူဆန်ကို နောက်ဆုံးခံစစ်ကစားသမားအဖြစ် သတ်မှတ်ပြီး ဒိုင်လူကြီးက အနီကတ်ပြခဲ့တာဖြစ်ပေမဲ့ ဂိုးပေါက်နဲ့ မီတာ(၄၀)လောက်အကွာမှာဖြစ်တာကြောင့် အဝါကတ်သာ ပြသင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ ဂျာမန်နောက်ခံလူ ရူဒီဂါကိုလည်း ကြွက်သားဒဏ်ရာကြောင့် (၁၂)ပတ်လောက် အနားပေးရဖို့ ရှိနေတဲ့အတွက် ဟူဆန်ရဲ့အနီကတ်ကို အယူခံဝင်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
စပိန်ဒိုင်ကော်မတီက ဟူဆန်ကို အနီကတ်ပြခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း ထုတ်ပြန်ထားပြီး VAR ဒိုင်ကို လာမယ့်ပွဲစဉ်မှာ တာဝန်မပေးဖို့ စီစဉ်ထားကြောင်းလည်း စပိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။