Eleven Media Group

■ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းဘက်ခြမ်း မြို့တော်ခန်းမရှေ့ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန် မြို့တော်ခန်းမအပြင်ဘက်တွင် ယ​နေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ​ပေါက်ကွဲမှုမှာ ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက် ၆ နာရီ ၄၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအပြင်ဘက် ဆူး​လေဘုရားလမ်းဘက်ခြမ်း ဝင်​ပေါက်တွင် ကာရံထားသည့် ဘယ်ရီဂိတ်အောက်၌ ပေါက်ကွဲခြင်းဖြစ်ကြောင်းသိရသည်။

“​ပေါက်ကွဲမှုက မြို့​တော်ခန်းမ ဆူး​လေဘုရားဘက် ဝင်​ပေါက်နား ​ပေါက်တာ။ လူထိခိုက်မှုမရှိဘူး။ လမ်းပိတ်တာ​တွေ အသွားအလာကန့်သတ်တာတွေမရှိပါဘူး။ ပြန်ဖွင့်ထားတယ်” ဟု မြို့​တော်ခန်းမအနီး​နေထိုင်သူတစ်ဦးက ​​ပြောကြားသည်။

ယင်း​ပေါက်ကွဲမှာအား Freeland Attack Force ( FLA ) အမည်ရှိ အဖွဲ့က လုပ်​ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း exile media အချို့တွင် ​ဖော်ပြထားသည် ​တွေ့ရသည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်ကလည်း ရန်ကုန်မြို့တော်ခန်းမနောက်ကျော စည်ပင်လမ်းရှိ ခန်းမ အဝင်အထွက် ပြုလုပ်သည့် ဂိတ်ပေါက်အနီးတွင် လူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သဖြင့် ​ပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးဂိတ်ပေါက်ရှိ တပ်ဖွဲ့ဝင် သုံးဦး၊ စည်ပင်ဝန်ထမ်းတစ်ဦးနှင့် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၂၁ ခုနှစ် ဇွန် ၄ ရက်ကလည်း ရန်ကုန်မြို့​တော်ခန်းမ​ရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့​သေးသည်။

မူရင်းသတင်း — Eleven Media Group