Eleven Media Group

ဗီလာရီးယဲလ်နဲ့ပွဲမှာ အာဆင်နယ်ကစားသမားဟောင်း ပါတေးကို စပါးပရိသတ်များ အော်ဟစ်လှောင်ပြောင်

Photo: X

စပါးအသင်းရဲ့ ပရိသတ်တွေမှာ ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်ကစားတဲ့ အာဆင်နယ်ကစားသမားဟောင်း သောမတ်စ်ပါတေးကို အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရပါတယ်။
ပါတေးဟာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့အပြင် လက်ရှိအချိန်မှာ မုဒိမ်းမှုတွေနဲ့ တရားရင်ဆိုင်နေရတာကြောင့်လည်း စပါးပရိသတ်တွေက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ပါတေးဟာ ဒီနွေမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့နောက် ဗီလာရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲမှာ ပွဲချိန်(၇၈)မိနစ်ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့တာပါ။
ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ပါတေးဟာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီး(၃)ဦးကို မုဒိမ်းမှု (၅)ခု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု (၂)ခု ကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ခံထားရပြီး စက်တင်ဘာ(၁၇)ရက် ဒီနေ့ လန်ဒန်ကတရားရုံးမှာ ကြားနာစစ်ဆေးမှု ခံယူရမှာပါ။
ဒါကြောင့် ပါတေးဟာ စပါးနဲ့ပွဲအပြီးမှာ တရားရင်ဆိုင်ဖို့ လန်ဒန်မှာ ဆက်ရှိနေခဲ့ပြီး သူ့ရဲ့ရှေ့နေတွေကတော့ အပြစ်မရှိကြောင်း ပြသသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group