
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဘောလုံးသုံးသပ်သူတွေဟာ မိမိတို့အသင်း ပေါင်သန်း(၄၅၀)သုံးစွဲခဲ့ခြင်းကိုသာ အာရုံစိုက်လွန်းနေတယ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီမှာ ကစားသမားသစ် (၈)ဦး ခေါ်ယူမှုအတွက် ပေါင်သန်း(၄၅၀)ဝန်းကျင် သုံးစွဲခဲ့ပြီး ငွေကြေးသုံးစွဲမှုအများဆုံးအသင်း ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဝေဖန်မှုတွေရှိနေပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ ပေါင်(၁၀)သန်းဝန်းကျင်သာ သုံးစွဲခဲ့ကြောင်းနဲ့ ဒီနှစ်မှာလည်း ကစားသမားရောင်းချမှုကနေ ပေါင်သန်း(၃၀၀)ဝန်းကျင်ပြန်လည်ရရှိခဲ့တာကို မေ့မထားသင့်ကြောင်း အာနယ်ဆလော့က ဆိုခဲ့ပါတယ်။
''ကျွန်တော်တို့ရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေအပေါ် အာရုံစိုက်လွန်းနေကြပါတယ်။ အထူးသဖြင့် ဘောလုံးသုံးသပ်သူတွေဖြစ်ပြီး သူတို့က ဒီနိုင်ငံမှာ တခြားအသင်းတချို့ကို ပိုအရေးပေးနေကြတာပါ။ ပေါင်သန်း(၄၅၀)ဆိုတဲ့အကြောင်းပဲ မနားတမ်းပြောနေကြပေမဲ့ ကစားသမားရောင်းချမှုကနေ ကျွန်တော်တို့ ပေါင်သန်း(၃၀၀)နီးပါး ပြန်ရထားတာကိုတော့ မေ့နေကြပါတယ်။ ကျွန်တော်တို့ရဲ့ လူစာရင်း တောင့်တင်းလာဖို့အတွက် ဒီလောက်ငွေပမာဏကို ကျွန်တော်တို့ သုံးစွဲဖို့ လိုအပ်ပါတယ်'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒီည ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ စတင်အသုံးပြုဖွယ်ရှိကြောင်း သိရပါတယ်။