
ဘာစီလိုနာအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နောက်ခံလူဟောင်း အဘီဒယ်လ်က မိမိ သေဆုံးပြီလို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပေမဲ့ ကျန်းကျန်းမာမာရှိနေတယ်လို့ လူမှုကွန်ရက်မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။
အသက်(၄၆)နှစ်ရှိပြီဖြစ်တဲ့ အဘီဒယ်လ်ဟာ ဘာစီလိုနာအသင်းမှာ ကစားနေစဉ် ၂၀၁၂ ခုနှစ်မှာ အသည်းအစားထိုးကုသမှု ခံယူထားရသူပါ။
ဒါပေမဲ့ သူက ဘောလုံးဆက်ကစားနိုင်ခဲ့ပြီး မိုနာကိုနဲ့ အိုလံပီယာကော့စ်အသင်းတွေမှာ ကစားခဲ့ပြီးမှ ၂၀၁၄ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အဘီဒယ်လ်ကွယ်လွန်သွားပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြမှုတွေ ရှိလာတာကြောင့် အဘီဒယ်လ်က Instagram ကတစ်ဆင့် တုံ့ပြန်ဖြေရှင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''တချို့ကောလာဟလတွေက ဘယ်တော့မှ ထွက်မလာသင့်ပါဘူး။ ကျွန်တော် ဒီမှာ မိသားစုနဲ့အတူ ကောင်းမွန်စွာရှိနေပါတယ်။ လေးစားမှုက သော့ချက်ပါပဲ။ ကျွန်တော် သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိနေကြောင်း ရှင်းပြချင်တာပါ။ ခင်ဗျားတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တကယ်မှန်ကန်တာတွေကိုပဲ အာရုံစိုက်ကြရအောင်'' လို့ အဘီဒယ်လ်က ရေးသားခဲ့တာပါ။