Eleven Media Group

နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ချီးကျူး

Photo: X

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ဟာ နယူးကာဆယ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက် နှစ်ဂိုးစလုံးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ချီးကျူးခဲ့ကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အဲဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းကနေ ဘာစီလိုနာအသင်းမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီပွဲ မတိုင်ခင်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်ယူအသင်းကို ပြန်ပို့တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်း ထွက်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ ပွဲအပြီးမှာတော့ ဟန်ဆီဖလစ်ခ်က ''သူ့ရဲ့သွင်းဂိုးတွေအတွက် ကျွန်တော် မအံ့သြပါဘူး။ သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတစ်ယောက်လို့ ထင်ပါတယ်။ သူ့ရဲ့ ဘောလုံးစွမ်းရည်ရော အဆုံးသတ်စွမ်းရည်ကပါ မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော် တကယ်ပျော်ရွှင်ပါတယ်။ သူက အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီဂိုးတွေက သူ့ကိုယ်သူ ယုံကြည်မှုလည်း ပိုရှိသွားစေမှာပါ။ ဒါဟာ အရေးအကြီးဆုံးပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
ဟန်ဆီဖလစ်ခ်က ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း ဝန်ခံပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group