
မန်ယူအသင်းဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားရမယ့် ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက်ကို စော်ကားပုတ်ခတ်တဲ့ အော်ဟစ်လှောင်ပြောင်မှုတွေ မပြုလုပ်ဖို့ ပရိသတ်တွေကို သတိပေးခဲ့ကြောင်း သိရပါတယ်။
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းဆီ အငှားချထားတဲ့ ဂါနာချို ပါဝင်လာမှာဖြစ်တာကြောင့် မန်ယူအသင်းက ပိုမိုစိုးရိမ်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် မန်ယူအသင်းရဲ့ ပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ Rainbow Devils အဖွဲ့ရဲ့ အကြံပြုမှုအရ လိင်တူချစ်သူတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ အော်ဟစ်လှောင်ပြောင်မှုတွေ မပြုလုပ်ဖို့လည်း သတိပေးထားကြောင်း သိရပါတယ်။
မန်ယူအသင်းက ကြေညာချက်ထုတ်ပြန်ကာ သတိပေးခဲ့ခြင်းဖြစ်ပြီး အသင်းအနေနဲ့ အဲဒီလို အပြုအမူတွေကို လက်ခံမှာမဟုတ်ကြောင်း၊ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ လူတိုင်းအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့၊ တလေးတစားတန်ဖိုးထားခံရတဲ့ကွင်းအဖြစ် ဆက်ရှိသွားလိုကြောင်း၊ အမုန်းတရားကြီးထွားအောင် ပြုလုပ်တဲ့ ပရိသတ်တွေကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မန်ယူ - ချယ်လ်ဆီးပွဲကို စနေနေ့ မြန်မာစံတော်ချိန် ည(၁၁းဝ၀)နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။