Eleven Media Group

ဂရေဟမ်ပေါ်တာနေရာ အစားထိုးခန့်အပ်ခံရဖို့  ဘီလစ်  ရေပန်းစားနေ

Photo: PA

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဘီလစ်ဟာ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာရဲ့နေရာကို အစားထိုးခန့်အပ်ခံရဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ (၂)နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ထားတာဖြစ်ပေမဲ့ စွမ်းဆောင်ရည်ကို သဘောကျခြင်းမရှိတာကြောင့် ရာထူးက ထုတ်ပယ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂရေဟမ်ပေါ်တာဟာ ပရီးမီးယားလိဂ်ရာသီအစ (၄)ပွဲမှာ (၃)ပွဲရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိနေတာကြောင့်လည်း အသင်းတာဝန်ရှိသူတွေက နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတာပါ။
ဗြိတိန်မီဒီယာတချို့ကတော့ ဂရေဟမ်ပေါ်တာအနေနဲ့ လာမယ့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင်မရရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
ဝက်စ်ဟမ်းအသင်းက အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေရာမှာ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်ခဲ့တဲ့ ခရိုအေးရှားနည်းပြဟောင်း ဘီလစ်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group