Eleven Media Group

Ballon d'Or ဆုပေးပွဲကို ရုပ်သံကသာ ကြည့်ရှုအားပေးမှာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းဖော် ဒမ်ဘီလီ ရရှိစေလိုတယ်လို့ ဘာပေ ပြောကြား

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက ဒီနှစ် Ballon d'Or ဆုပေးပွဲကို ရုပ်သံကသာ ကြည့်ရှုအားပေးမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
၂၀၂၅ Ballon d'Or ဆုပေးပွဲကို တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက တက်ရောက်ခြင်းပြုမှာမဟုတ်ဘဲ သပိတ်မှောက်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက သတင်းထွက်ခဲ့တာပါ။
အခု ဘာပေက အဲဒီသတင်း မှန်ကန်ကြောင်း အတည်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။
၂၀၂၅ Ballon d'Or ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းမှာ ဘာပေနဲ့အတူ ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဂမ်တို့ ပါဝင်ခဲ့ပေမဲ့ ဆုရရှိဖို့ အလားအလာမရှိသလောက်ဖြစ်နေတဲ့အတွက် ရီးယဲလ်မက်ဒရစ်အသင်းက ဆုပေးပွဲကို တက်ရောက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်နဲ့ မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ Ballon d'Or ဆုနဲ့ ပတ်သက်ပြီး CBS Sports က မေးမြန်းခဲ့ရာ ဘာပေက ''အဲဒီဆု ရဖို့က အောင်ပွဲတွေ ရရှိထားဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ကလပ်အသင်း ဆုဖလားတွေရရှိအောင် ကျွန်တော် ကူညီရမှာပါ။ အဲဒီလို ရရှိခဲ့ရင်တော့ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဒီနှစ် ဒမ်ဘီလီ ရရှိခဲ့ရင်တော့ ကျွန်တော် ပျော်ရွှင်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့် သူငယ်ချင်းဖြစ်ပြီး သူ့ကို အစကတည်းက အားပေးလာတာကြောင့်ပါ။ ကျွန်တော် အဲဒီဆုပေးပွဲကို ရုပ်သံကပဲ ကြည့်ရှုသွားမှာဖြစ်ပြီး သူ ရရှိဖို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group