
တနင်္ဂနွေနေ့့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ် ၁-၁ မန်စီးတီးပွဲဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝတစ်လျှောက် ယှဉ်ပြိုင်ခဲ့သမျှ လိဂ်ပွဲစဉ်(၆၀၀)ကျော်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ မန်စီးတီးအသင်းဟာ ပွဲအစ(၉)မိနစ်မှာကတည်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ခံစစ်ကို အားပြုကစားခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှုမှာ အာဆင်နယ်က (၆၇.၂%)ရှိခဲ့ပြီး မန်စီးတီးက (၃၂.၈%)သာ ရှိခဲ့ တာပါ။
ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမဲ့ ပွဲရလဒ်ဟာ မျှတကြောင်းနဲ့ အာဆင်နယ်အသင်းက ပိုကောင်းခဲ့ကြောင်း၊ ပိုကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ လိုအပ်ရင် ခံစစ်နဲ့လည်း ကစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
''ဒီမှတ်တမ်းကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ဖြစ်တတ်ပါတယ်။ (၁၀)နှစ်မှာမှ တစ်ကြိမ်လောက် ကြုံတွေ့ရတာဆိုတော့ မဆိုးပါဘူး။ မဟုတ်ဘူးလား'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ ဂွါဒီယိုလာနဲ့ ရင်ဆိုင်ရတဲ့ လိဂ်ပြိုင်ပွဲ(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။