
တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ မာဆေးလ် - PSG ပွဲကို မုန်တိုင်းအန္တရာယ်ကြောင့် တနင်္လာနေ့ကို ရွှေ့ခဲ့ရတဲ့အတွက် Ballon d'Or ဆုပေးပွဲကို နည်းပြ အန်နရီကေးနဲ့ PSG ကစားသမားတွေ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
မာဆေးလ်အသင်း တည်ရှိတဲ့ဒေသမှာ တနင်္ဂနွေနေ့က မုန်တိုင်းအန္တရာယ်အတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ရှိခဲ့တာကြောင့် မာဆေးလ် - PSG ပွဲကို တနင်္လာည မြန်မာစံတော်ချိန် (၁၂း၃၀)နာရီမှာ ယှဉ်ပြိုင်ကစားဖို့ ပွဲရွှေ့ခဲ့တာပါ။
Ballon d'Or ဆုပေးပွဲက တနင်္လာည မြန်မာစံတော်ချိန် (၁း၃၀) နာရီမှာ စတင်မှာဖြစ်တာကြောင့် PSG နည်းပြနဲ့ ကစားသမားတွေ လွဲချော်ရခြင်းဖြစ်ပါတယ်။
၂၀၂၅ Ballon d'Or ဆုပေးပွဲမှာ ဒမ်ဘီလီက အကောင်းဆုံးကစားသမားဆု ရရှိဖို့ ရေပန်းစားနေသလို၊ အန်နရီကေးကလည်း အကောင်းဆုံးနည်းပြဆုရရှိဖို့ ရေပန်းစားနေတဲ့အပြင် ဆန်ခါတင်စာရင်းမှာလည်း PSG ကစားသမား (၉)ဦးပါဝင်နေပါတယ်။
ဒမ်ဘီလီဟာ လက်ရှိအချိန်မှာ ဒဏ်ရာရရှိနေတာကြောင့် မာဆေးလ်နဲ့ပွဲလူစာရင်းမှာ ရွေးချယ်မခံထားရပေမဲ့ ပြင်သစ်ဒါဘီအဖြစ် တင်စားခံထားရတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ့်ပွဲဖြစ်တာကြောင့် အဲဒီပွဲကို အားပေးကြည့်ရှုဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။