Eleven Media Group

အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်က ခြားနားသွားခဲ့ပြီလို့ အက်ဒီဟောင်း ပြောကြား

Photo: X

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အသင်းမှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့ တိုက်စစ်ကစားပုံက ခြားနားသွားခဲ့ပြီလို့ ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်(၃)ပွဲဆက် ဂိုးမပေးရတဲ့ Clean Sheet ရလဒ်တွေ ရရှိခဲ့ပေမဲ့ (၃)ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ဘဲ (၀-၀)ရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။
ဒါကြောင့် အက်ဒီဟောင်းက တိုက်စစ်မှူး အီဆက်ခ် မရှိတော့ခြင်းရဲ့ အကျိုးသက်ရောက်မှုလို့ ပြောကြားခဲ့တာဖြစ်ပြီး တခြားကစားသမားတွေအနေနဲ့ ဒီကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမယ်လို့လည်း ဆိုခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့ရတာကြောင့် ဘရန့်ဖို့ဒ်က ဝစ်ဆာနဲ့ စတုဂတ်က ဗော်တာမေဒီတို့ကို ခေါ်ယူအစားထိုးခဲ့ပေမဲ့ ဝစ်ဆာက ဒဏ်ရာရနေသလို၊ ဗော်တာမေဒီကလည်း အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ လိုနေသေးကြောင်း သိရပါတယ်။
''ခြားနားတဲ့အသင်းတစ်သင်းအဖြစ် ပြောင်းလဲတိုးတက်လာဖို့၊ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် နည်းနည်းတော့ အချိန်ယူရမှာပါ'' လို့ အက်ဒီဟောင်းက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group