Eleven Media Group

အသင်းရဲ့ စုဝေးပွဲကို ရောက်ရှိချိန်နောက်ကျလို့ ဂီတာဖေးနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ် အရန်ခုံထိုင်ခဲ့ရ

Photo: X

ဘာစီလိုနာအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြုလုပ်တဲ့ အသင်းရဲ့စုဝေးပွဲကို ရောက်ရှိချိန်နောက်ကျခဲ့တာကြောင့် ဂီတာဖေးနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပြီး ဒုတိယပိုင်းမှ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ကြားရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တာကြောင့် ပုံမှန်အတိုင်းဆိုရင် ဂီတာဖေးနဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရမှာဖြစ်ပေမဲ့ နည်းပြ ဟန်ဆီဖလစ်ခ်က ပွဲထွက်စာရင်းက ချန်လှပ်ခဲ့တာပါ။
ဟန်ဆီဖလစ်ခ်ဟာ ပွဲကစားရမယ့်နေ့ နံနက်ပိုင်းမှာ ပြုလုပ်တဲ့ အသင်းရဲ့စုဝေးပွဲကို အလေးထားလေ့ရှိပြီး ရာဖင်ညာ၊ ခွန်ဒဲတို့လည်း နောက်ကျတဲ့အတွက် ရပ်ရှ်ဖို့ဒ်နည်းတူ အပြစ်ပေးခံခဲ့ရဖူးကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဂီတာဖေးနဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ရပေမဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် နောက်ဆုံး(၃)ပွဲမှာ (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဟန်ဆီဖလစ်ခ်ကတော့ ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ လန်းဆန်းမှုရှိနေဖို့ လိုလားတာကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group