Eleven Media Group

ဒီနှစ် မေဂျာလိဂ်ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ ဘူးစကွက်စ် အနားယူမယ်

Photo: X

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ စပိန်ကွင်းလယ်ကစားသမား ဘူးစကွက်စ်ဟာ ဒီနှစ် မေဂျာလိဂ်ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ သိရပါတယ်။
အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ ဘူးစကွက်စ်ဟာ ၂၀၂၃ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီး အင်တာမိုင်ယာမီအသင်းနဲ့ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာကြောင့် သူ့ရဲ့ စာချုပ်သက်တမ်းက ရာသီကုန်ချိန်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
စပိန်ရေဒီယို COPE ရဲ့ ဂျာနယ်လစ်ဖြစ်တဲ့ နာချိုဂါစီယာက ဘူးစကွက်စ်ဟာ ဒီနှစ်အကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်းနဲ့ မကြာခင်အတည်ပြုကြေညာတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
ဘူးစကွက်စ်ကလည်း သူ့ရဲ့ အနားယူချိန်ဟာ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ကြောင်း ပြီးခဲ့တဲ့နွေရာသီတုန်းက ပြောကြားခဲ့ဖူးပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ဖူးတဲ့ ဘူးစကွက်စ်ဟာ ကစားသမားဘဝက အနားယူပြီးရင် ဘာစီလိုနာအသင်းမှာ ရာထူးတစ်ခုခုနဲ့ ပြန်လည်လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group