Eleven Media Group

■ ထိုင်းနိုင်ငံ ပထုံဌာနီတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့်ယာဉ် တိမ်းမှောက်ရာ နှစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ပထုံဌာနီတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ရာ နှစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

Van ကားမောင်းသူမှာ အိပ်ငိုက်ပြီး လမ်းလယ်တုံးကွန်ကရစ်တုံးများကို တိုက်မိကာ ကားမှာ ကွန်ကရစ်တုံးများပေါ် ဘေးတံစောင်းတင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က ထိုင်းနိုင်ငံ ပထုံဌာနီပြည်နယ် ပထုံဌာနီ- ရန်ဆစ်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်မှာ ဘန်ကောက်လိုင်စင်နံပါတ်ပြားတပ် တိုယိုတာအင်နိုဗာ အမျိုးအစားဖြစ်ကြောင်း၊ ကားပေါ်တွင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကားပေါ်တွင် ခရီးဆောင်အိတ်များကိုလည်း တွေ့ရှိရပြီး ဒဏ်ရာရရှိသူများမှာ ကားပေါ်တွင် ပိတ်မိနေကာ ဒဏ်ရာများကြောင့် ညည်းတွားခြင်းများရှိခဲ့ကြောင်း၊ ယာဉ်မောင်းထိုင်ခုံရှိ အမျိုးသားနှင့် ဘေးဘက်ရှိ အမျိုးသမီးတစ်ဦးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက ကားကို ဖြတ်တောက်ကာ ကယ်ဆယ်ခဲ့ရပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ပထုံဌာနီဆေးရုံနှင့် Latlum Kaeo ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ စကားမပြောနိုင် သို့မဟုတ် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသော မြန်မာနိုင်ငံသားများဖြစ်ပြီး ယာဉ်မောင်းသူမှာ မည်သူဖြစ်သည်ကိုလည်း မသိရှိရသေးကြောင်း၊ ၄င်းတို့မှာ ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန် လူဝင်မှုကြီးကြပ်ရေးဌာနသို့ အကြောင်းကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group