
ဘက်တစ်အသင်းရဲ့ ဥက္ကဋ္ဌ အိန်ဂျယ်ဟာရိုက စပိန်တိုက်စစ်ကစားသမား အစ္စကို ကစားသမားဘဝက အနားယူချိန်အထိ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘက်တစ်အသင်းဟာ အစ္စကိုကို ၂၀၂၃ နွေရာသီမှာ ဆီဗီလာကနေ တစ်နှစ်စာချုပ်နဲ့သာ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာပါ။
ဘက်တစ်အသင်းက အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ အစ္စကိုကို သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ကစားသမားဘဝကို ဘက်တစ်အသင်းမှာ အဆုံးသတ်စေဖို့လည်း ဥက္ကဋ္ဌ ဟာရိုက ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဒါ့အပြင် ဟာရိုက အစ္စကို ကစားသမားဘဝက အနားယူပြီးနောက်ပိုင်းမှာလည်း ဆက်ပြီးလက်တွဲသွားဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
''အစ္စကိုလို ကစားသမားတစ်ယောက်ကို ဘက်တစ်အသင်းမှာပဲ ကစားသမားဘဝကနေ အနားယူသွားစေချင်ပါတယ်။ သူက ကစားသမားတစ်ယောက်အဖြစ် ရှည်ကြာစွာ ဖြတ်သန်းခဲ့ပြီး အတွေ့အကြုံများစွာရှိထားတာကြောင့် အသင်းမှာ တခြားပုံစံတွေနဲ့လည်း လုပ်ဆောင်နိုင်စွမ်းရှိမှာပါ'' လို့ ဟာရိုက ပြောကြားခဲ့ပါတယ်။