Eleven Media Group

လိဂ်ဖလားနိုင်ပွဲက အသင်းကို အရာရာပြောင်းလဲသွားစေနိုင်တယ်လို့ ဝုလ်ဗ်နည်းပြ ပြောကြား

Photo: X

ဝုလ်ဗ်အသင်းရဲ့နည်းပြ ပယ်ရဲရားက အဲဗာတန်အသင်းကို လိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းက အသင်းကို အရာရာပြောင်းလဲသွားစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဝုလ်ဗ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၅)ပွဲစလုံးရှုံးနိမ့်ကာ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ အသင်းဖြစ်ပြီး နည်းပြရော ကစားသမားတွေပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမဲ့ လိဂ်ဖလားဒုတိယအဆင့်မှာ ဝက်စ်ဟမ်းကို ကျော်ဖြတ်နိုင်ခဲ့သလို၊ အခု တတိယအဆင့်မှာလည်း အဲဗာတန်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပယ်ရဲရားက ''ရလဒ်ကောင်းတစ်ခုဟာ အရာရာကို ပြောင်းလဲပေးနိုင်ပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ကိုရော အသင်းရဲ့ ပတ်ဝန်းကျင်အခြေအနေကိုရော ပြောင်းလဲပေးနိုင်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက ပရီးမီးယားလိဂ်အဆင့်အတန်းရှိကြောင်းလည်း ပြသနိုင်ခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်ကတော့ မိမိတို့ ပိုကောင်းခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် အကြီးအကျယ်စိတ်ပျက်မိကြောင်း၊ ဒီထက် ပိုမြင့်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနိုင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group