
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ရဲ့ တာဝန်ရှိသူတွေဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း(၆၄)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အင်္ဂါနေ့က နယူးယောက်ခ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့အတူ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဂျန်ဒရိုဒိုမင်ဂွက်ဇ်၊ ဥရုဂွေးနဲ့ ပါရာဂွေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနဲ့ စပိန်တို့က ပူးတွဲအိမ်ရှင်အဖြစ် အဓိကလက်ခံကျင်းပမှာဖြစ်ပေမဲ့ အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတွေမှာလည်း တစ်ပွဲစီ ကျင်းပသွားမှာပါ။
ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်(၁၀၀)ပြည့်အဖြစ် ကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ အသင်းအရေအတွက် တိုးမြှင့်ဖို့ တောင်အမေရိကတာဝန်ရှိသူတွေက မတ်လကတည်းက အဆိုပြုခဲ့ပြီး အခု အင်ဖန်တီနိုနဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပြုထားတဲ့အတိုင်း အသင်း(၆၄)သင်းပြိုင်ပွဲအဖြစ် တိုးချဲ့ခဲ့မယ်ဆိုရင် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်လက်အောက်က အသင်း(၁၀)သင်းစလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။