Eleven Media Group

ယမားလ် Ballon d'Or ဆုမရတာ အသက်အရွယ်ကြောင့်လို့ လာလီဂါဥက္ကဋ္ဌ တီဘက်စ် ပြောကြား

Photo: X

လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ဘာစီလိုနာကစားသမား ယမားလ်အနေနဲ့ Ballon d'Or ဆု မရတာဟာ အသက်အရွယ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ယမားလ်ဟာ ၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆုရွေးချယ်ရာမှာ အဆင့်(၈)နေရာရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုရွေးချယ်ရာမှာတော့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ယမားလ်ဟာ အဲဒီ(၂)နှစ်စလုံး အသက်(၂၁)နှစ်အောက် လူငယ်ကစားသမားတွေကိုသာ ချီးမြှင့်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa Trophy)ကိုသာ ရရှိခဲ့ပါတယ်။
ဒါကြောင့် တီဘက်စ်က ''သူ(ယမားလ်)သာ အသက်(၂၃)နှစ်အထက် ကစားသမားဆိုရင် Ballon d'Or ဆုကို ရရှိနေပါပြီ။ သူ ဒီထက် ငယ်စဉ်ကတည်းက သူတို့က တခြားတစ်ခု (Kopa Trophy)ကိုပဲ ပေးခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
တီဘက်စ်က ယမားလ်အနေနဲ့ လက်ရှိခြေအဆင့်အတန်းအတိုင်း ရှေ့ဆက်ခဲ့ရင် မဝေးတော့တဲ့ အနာဂတ်မှာ Ballon d'Or ဆုကို သေချာပေါက်ရရှိလိမ့်မယ်လို့ လည်း ဆိုခဲ့ပါတယ်။
ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ Ballon d'Or ဆုအတွက် ချန်ပီယံလိဂ်ဖလားက အဆုံးအဖြတ်ဖြစ်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group