Eleven Media Group

လူငယ်ကစားသမား အန်ဂူမိုဟာကို လီဗာပူးလ်အသင်း ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

Photo: Liverpool

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကစားသမား အန်ဂူမိုဟာကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အန်ဂူမိုဟာကို ၂၀၂၄ နွေရာသီမှာ ချယ်လ်ဆီးအကယ်ဒမီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသက်(၁၇)နှစ်မပြည့်ခင်မှာပဲ အသင်းအတွက် စတင်ကစားစေခဲ့တာပါ။
ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပွဲမှာ ပါဝင်ကစားစဉ်က အန်ဂူမိုဟာရဲ့အသက်ဟာ (၁၆)နှစ်နဲ့ (၁၃၅)ရက်သာရှိသေးတာကြောင့် လီဗာပူးလ်အသင်းရဲ့သမိုင်းမှာ အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
အန်ဂူမိုဟာဟာ ဒီရာသီ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်ဂူမိုဟာဟာ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ခင်က လီဗာပူးလ်အသင်းမှာ တစ်နှစ်ပေါင် (၁၄၄၀၀)သာ ရရှိပြီး အခု တစ်နှစ်ကို ပေါင်(၅၂၀၀၀) ရရှိသွားမှာဖြစ်သလို၊ အပိုဆုကြေးများစွာလည်း ခံစားခွင့်ရရှိမယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group