
ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး(၁၀၀)အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ဖို့ အခွင့်အရေးရှိနေကြောင်း သိရပါတယ်။
(၂၁)ရာစုအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် လက်ရှိအချိန်မှာ စံချိန်တင်ထားတာက စီရော်နယ်လ်ဒိုနဲ့ ဟာလန်းတို့ဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုး(၁၀၀)ကို (၁၀၅)ပွဲကစားပြီး သွင်းယူနိုင်ခဲ့သလို၊ ဟာလန်းကလည်း မန်စီးတီးအသင်းအတွက် ဂိုး(၁၀၀)ကို (၁၀၅)ပွဲကစားပြီး သွင်းယူနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၀၃)ပွဲ ကစားပြီးချိန်မှာပဲ (၉၈)ဂိုး သွင်းယူထားပြီဖြစ်တာကြောင့် လာမယ့်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့ရင် သွင်းဂိုး(၁၀၀)ကို ပွဲအနည်းဆုံးနဲ့ ပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီညမှာ ၀ါဒါဘရီမင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ၀ါဒါဘရီမင်က ဒီရာသီမှာ ပေးဂိုးတွေ များပြားနေတဲ့အသင်းဖြစ်တာကြောင့် ဟာရီကိန်းအနေနဲ့ စံချိန်သစ်တင်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။