Eleven Media Group

မေဂျာလိဂ်ရာသီကုန်ချိန်မှာ ကစားသမားဘဝက အနားယူမယ်လို့ ဘူးစကွက်စ် အတည်ပြုကြေညာ

Photo: X

အင်တာမိုင်ယာမီအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဘူးစကွက်စ်က ဒီနှစ် မေဂျာလိဂ်ရာသီကုန်ချိန်မှာ ကစားသမားဘဝက အနားယူတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဘူးစကွက်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၂၀၂၂ ဒီဇင်ဘာမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပြီး အခု ကလပ်အသင်းကစားသမားဘဝကိုလည်း အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘူးစကွက်စ်ဟာ ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ ပွဲ ၇၀၀ ကျော် ယှဉ်ပြိုင်ကစားကာ ဆုဖလားများစွာ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ အသင်းဖော်ဟောင်း မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဘူးစကွက်စ်ဟာ အင်တာမိုင်ယာမီအသင်းနဲ့ ဒီနှစ်ကုန်အထိ စာချုပ်ချုပ်ဆိုထားပြီး သက်တမ်းမတိုးတော့ဘဲ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘူးစကွက်စ် အနားယူတော့မယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ထွက်ပေါ်ခဲ့ပေမဲ့ ကာယကံရှင်ကိုယ်တိုင်ကတော့ ကြာသပတေးနေ့ကမှ အတည်ပြုကြေညာခဲ့တာပါ။
''ဒီလတွေက ကွင်းထဲမှာ ကျွန်တော်ရှိနေမယ့် နောက်ဆုံးလတွေ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အလွန်ပျော်ရွှင်စွာ၊ ဂုဏ်ယူစွာ၊ ကျေနပ်စွာနဲ့ အနားယူတာပါ။ ဒီအခိုက်အတန့်က ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နှုတ်ဆက်ရမယ့်အချိန် ရောက်ရှိလာပြီလို့ ကျွန်တော် ခံစားရပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ဇာတ်လမ်းကို ကျွန်တော် ပျော်ရွှင်စွာ ပုံဖော်ခဲ့တာ နှစ် ၂၀ နီးပါး ရှိသွားပါပြီ။ ဒါဟာ ကျွန်တော် အမြဲအိပ်မက်ခဲ့တဲ့အရာလည်း ဖြစ်ပါတယ်'' လို့ ဘူးစကွက်စ်က Instagram ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group