Eleven Media Group

ဇာဗီကို လောရင့်ဘလန့်နေရာ အစားထိုးဖို့ အယ်လ်အစ်တီဟတ်အသင်း ပစ်မှတ်ထားနေ

Photo: X

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ နည်းပြ လောရင့်ဘလန့်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာနဲ့ အယ်လ်ဆတ်ဒ်နည်းပြဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်(၄)မှာ အယ်လ်နာဆာအသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ်နည်းပြ လောရင့်ဘလန့်ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။
အယ်လ်အစ်တီဟတ်အသင်းက လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဗီကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားသလို၊ အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီနဲ့ အေစီမီလန်နည်းပြဟောင်း ကွန်စေးဆောင်းတို့ကိုလည်း ချိန်ရွယ်နေကြောင်း သိရပါတယ်။
၂၀၂၄ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဗီကို မန်ယူအသင်းကလည်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လိုလားနေကြောင်း သတင်းထွက်နေပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ ဇာဗီဟာ ပရီးမီးယားလိဂ်အကြောင်း လေ့လာနေပြီး မန်ယူအသင်းကသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် ချက်ချင်းလက်ခံနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group