Eleven Media Group

လူငယ်ကစားသမား အိုရိုင်လီကို သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်မိတယ်လို့ ဂွါဒီယိုလာ ပြောကြား

Photo: Man City

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လူငယ်ကစားသမား နီကိုအိုရိုင်လီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့အတွက် အလွန်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အကယ်ဒမီကစားသမား အိုရိုင်လီ(၂၀ နှစ်)ကို ၂၀၂၄ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ခေါ်ယူခဲ့ပြီး စက်တင်ဘာ(၂၆)မှာ ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
အိုရိုင်လီဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲသာ ကစားခွင့်ရခဲ့ပေမဲ့ ဒီရာသီမှာတော့ ရာသီအစမှာပဲ ပြိုင်ပွဲစုံ(၇)ပွဲ ကစားခွင့်ရထားပါပြီ။
''သူ့ကို ကျွန်တော်တို့ အလိုရှိပါတယ်။ ဒါကြောင့် သူ ဒီမှာ ကာလရှည်ဆက်ရှိနိုင်အောင် ကူညီပေးနိုင်ဖို့ လိုအပ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို ကျေနပ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ နီကိုက အများကြီးတိုးတက်ကြီးထွားလာတာကြောင့်ပါ။ သူ ပွဲထွက်ကစားခဲ့တဲ့ပွဲတွေထဲ FA ဖလားဗိုလ်လုပွဲတစ်ပွဲပဲ ရှုံးခဲ့ဖူးတယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရူဘင်ဒီယက်စ်၊ ရီကိုလီဝစ်နဲ့ အိုရိုင်လီတို့ကို သက်တမ်းတိုးထားပြီး ဆယ်ဗင်ညိုကိုလည်း သက်တမ်းတိုးနိုင်တော့မယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group