Eleven Media Group

ဇန်နဝါရီမှာ ကျင်းပမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်မှာ မက်ဒရစ်ဒါဘီကို ထပ်မံမြင်တွေ့ရမယ်

Photo: X

၂၀၂၆ ဇန်နဝါရီမှာ ကျင်းပမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့ မက်ဒရစ်ဒါဘီကို ထပ်မံမြင်တွေ့ရမယ်လို့ သိရပါတယ်။
စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၂၀ ခုနှစ်ကစပြီး အသင်း(၄)သင်းပါဝင်တဲ့ ပုံစံနဲ့ ပြောင်းလဲကျင်းပခဲ့ပြီး ရာသီဝက်ဝန်းကျင်ဖြစ်တဲ့ ဇန်နဝါရီလမှာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
ပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ(၆)ကြိမ်အနက် (၅)ကြိမ်ကို ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် ပြိုင်ပွဲကိုလည်း ဆော်ဒီနိုင်ငံက ဂျက်ဒက်မြို့မှာ ကျင်းပမယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါပြီ။
ပြီးခဲ့တဲ့ရာသီက လာလီဂါမှာရော စပိန်ဘုရင့်ဖလားမှာပါ ဘာစီလိုနာက ဗိုလ်စွဲပြီး ရီးယဲလ်က ဒုတိယနေရာရခဲ့တာကြောင့် လာမယ့် စပိန်စူပါဖလားမှာ ဒီနှစ်သင်းနဲ့အတူ လာလီဂါမှာ တတိယနဲ့ စတုတ္ထနေရာ ရပ်တည်ခဲ့ကြတဲ့ အက်သလက်တီကိုနဲ့ ဘီလ်ဘာအိုတို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။
ဇန်နဝါရီ(၇၊ ၈)မှာ ယှဉ်ပြိုင်ရမယ့် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဘီလ်ဘာအို၊ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ ဆုံတွေ့နေပြီး ဗိုလ်လုပွဲကိုတော့ ဇန်နဝါရီ(၁၁)မှာ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group