Eleven Media Group

စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတိုင်းမှာ ဘာပေ ဂိုးသွင်းယူနိုင်ခဲ့

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ဘာပေဟာ စက်တင်ဘာလမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ကစားခဲ့ရပြီး နှစ်ပွဲစလုံးမှာ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သလို၊ ရီးယဲလ်အသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာလည်း ပွဲတိုင်းဂိုးသွင်းနိုင်ပြီး စုစုပေါင်း(၉)ဂိုး ရှိခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကိုင်ရတ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး(၆၀)ရှိသွားခဲ့ပြီး ရီးယဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုထက် ချန်ပီယံလိဂ်ဂိုး(၆၀) အမြန်ဆုံးပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ဂိုး(၆၀)ပြည့်ဖို့ (၉၈)ပွဲကစားခဲ့ရတာဖြစ်ပြီး ဘာပေက (၈၉)ပွဲသာ ကစားခဲ့ရတာပါ။
ကိုင်ရတ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမဲ့ ဘာပေက ''ကျွန်တော့်လို ကစားသမားတစ်ယောက်က အခွင့်အရေး(၅)ကြိမ်ရရင် (၅)ဂိုးသွင်းနိုင်သင့်ပါတယ်။ ဒီနေ့ ကျွန်တော် (၃)ဂိုးသွင်းယူနိုင်တာကောင်းပေမဲ့ ဒီထက်ပိုပြီး သွင်းယူနိုင်ပါသေးတယ်။ ဂိုးရှေ့မှာ ပိုပြီးထိရောက်မှုရှိအောင် ကျွန်တော် ကြိုးစားသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group