
PSG အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ မော်ရိုကိုနောက်ခံလူ ဟာကီမီက ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ဟာ ဘာစီလိုနာနဲ့ပွဲမှာ စပိန်တိုက်စစ်ကစားသမား ယမားလ်ကို တားဆီးနိုင်လိမ့်မယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။
PSG အသင်းဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်(၂)အဖြစ် ဘာစီလိုနာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒမ်ဘီလီ၊ ဒူအီ၊ ခါဗာစကယ်လီယာ စတဲ့ကစားသမားတွေ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။
PSG အသင်းဟာ ၂၀၂၃-၂၄ ရာသီတုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဆုံတွေ့ခဲ့ဖူးပြီး နှစ်ကျော့စလုံးမှာ ယမားလ်နဲ့ မန်ဒက်စ်တို့ ဆုံတွေ့ခဲ့ကြရာမှာ ယမားလ်က ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ စပိန်နဲ့ ပေါ်တူဂီတို့ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ချိန်မှာတော့ ယမားလ် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
လက်ရှိအချိန်မှာ ယမားလ်ရဲ့ခြေစွမ်းက ပိုမိုမြင့်တက်လာခဲ့ပြီဖြစ်ပေမဲ့ မန်ဒက်စ်ကလည်း ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူဖြစ်တာကြောင့် တားဆီးနိုင်လိမ့်မယ်လို့ ဟာကီမီက ပြောကြားခဲ့တာပါ။
''လာမင်း(ယမားလ်)က ကျွန်တော့်ဘက်ခြမ်းက မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူဖြစ်တဲ့ နူနိုမန်ဒက်စ်နဲ့ သူ ရင်ဆိုင်ရမှာပါ။ နူနိုက သူ့ကို တားဆီးနိုင်စွမ်းရှိပါတယ်။ သူနဲ့ ပုံစံတူ တိုက်စစ်ကစားသမားတွေကိုလည်း တားဆီးပြခဲ့ပြီးပါပြီ။ နူနို ကောင်းကောင်းပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက တစ်ဦးနဲ့တစ်ဦး ကူညီပံ့ပိုးပြီး ကစားတာကြောင့် နူနိုကိုလည်း ကျွန်တော်တို့ ကူညီသွားမှာပါ။ သူ့ကို တစ်ယောက်တည်း ပစ်ထားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လာမင်းရဲ့ အစွမ်းအစကို ကျွန်တော်တို့ သိထားတာကြောင့်ပါ'' လို့ ဟာကီမီက ပြောကြားခဲ့ပါတယ်။