Eleven Media Group

အသက်(၄၂)နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမား ခရိတ်ဂေါ်ဒွန်ကို စကော့တလန်အသင်း ပြန်လည်ရွေးချယ်

Photo: X

စကော့တလန်လက်ရွေးစင်အသင်းနည်းပြ စတိဗ်ကလာ့ခ်က အသက်(၄၂)နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်ဂိုးသမား ခရိတ်ဂေါ်ဒွန်ကို ပြန်လည်ရွေးချယ်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
စကော့တလန်အသင်းဟာ အောက်တိုဘာ(၉)မှာ ဂရိ၊ အောက်တိုဘာ(၁၂)မှာ ဘယ်လာရုစ်အသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲရမှာဖြစ်တာကြောင့် လူစာရင်းထုတ်ပြန်ရာမှာ စတိဗ်ကလာ့ခ်က ခရိတ်ဂေါ်ဒွန်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ စကော့တလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရတဲ့ ခရိတ်ဂေါ်ဒွန်ဟာ ဆန်းဒါးလန်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ စကော့တလန်ကလပ် Heart of Midlothian အသင်းမှာ ကစားနေပါတယ်။
ခရိတ်ဂေါ်ဒွန်ဟာ ဒီရာသီမှာ ကလပ်အသင်းအတွက် ကစားခွင့်မရသေးပေမဲ့ လည်ပင်းဒဏ်ရာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်တာကြောင့် စတိဗ်ကလာ့ခ်က လက်ရွေးစင်အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စတိဗ်ကလာ့့ခ်က လာမယ့်အိမ်ကွင်းပွဲစဉ်နှစ်ပွဲမှာ (၆)မှတ်အပြည့် ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group