Eleven Media Group

ချန်ပီယံလိဂ် League Phase ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

Photo: Barcelona

စိန့်ဂီလွိုင်ဆီ နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၁း ၁၅ နာရီ)

ဘယ်လ်ဂျီယံကလပ် စိန့်ဂီလွိုင်ဆီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီအဆင့်(ယခင် အုပ်စုအဆင့်)ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးတာဖြစ်ပေမဲ့ အနိုင်ရလဒ်နဲ့ အစပြုနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံပရိုလိဂ်မှာလည်း ပြိုင်ဘက်တွေကို အမှတ်ဖြတ်ဦးဆောင်နေတဲ့အသင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာလည်း ပေးဂိုးမဲ့ရလဒ်တွေနဲ့ နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်တာကြောင့် နယူးကာဆယ်အသင်း ရုန်းကန်ရနိုင်ပါတယ်။ အိမ်ရှင်ကိုပဲ ကြိုက်ပါတယ်။

အာဆင်နယ် နှင့် အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်လာသလို၊ ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာနဲ့အတူ ရေပန်းအစားဆုံးဖြစ်လာပါတယ်။ အိုလံပီယာကော့စ်က အဖွင့်ပွဲမှာ အသင်းသစ် ပါဖိုးစ်ကိုတောင် အနိုင်မရခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ လက်ရှိခြေစွမ်းက အိုလံပီယာကော့စ်ကို (၃)ဂိုးသွင်းဖို့ အခက်အခဲမရှိနိုင်ပါဘူး။

ဘာစီလိုနာ နှင့် PSG (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးစာရင်းဝင် ထိပ်သီးနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တာကြောင့် ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲလို့ ဆိုနိုင်ပါလိမ့်မယ်။ နှစ်သင်းစလုံးက ပွဲစဉ်(၁)မှာ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြသလို၊ ပြည်တွင်းမှာလည်း ခြေစွမ်းပြနေကြပါတယ်။ မာဆေးလ်ကို ရှုံးခဲ့တဲ့ PSG ထက်တော့ ပြိုင်ပွဲစုံ(၅)ပွဲဆက် အနိုင်ရထားတဲ့ ဘာစီလိုနာက စွမ်းဆောင်ရည်ပိုကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။ စပိန်မြေမှာ ကစားရမယ့်ပွဲလည်းဖြစ်လို့ ဘာစီလိုနာကိုပဲ ရွေးချယ်ချင်ပါတယ်။

မိုနာကို နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

မိုနာကိုက ပြင်သစ်လိဂ်နောက်ဆုံးပွဲမှာ ရှုံးထားပေမဲ့ အိမ်ကွင်း(၃)ပွဲဆက် အနိုင်ရထားပါတယ်။ မန်စီးတီးကလည်း အဝေးကွင်းဆို နည်းနည်းအားနည်းတတ်တာကြောင့် နိုင်ရင်တောင် ဂိုးပြတ်ဖို့တော့ လွယ်မယ်မထင်ပါဘူး။ အပြန်အလှန်ဂိုးတွေကို မြင်တွေ့ရနိုင်ခြေရှိပါတယ်။

ဗီလာရီးယဲလ် နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

အဖွင့်ပွဲမှာ ရလဒ်မကောင်းခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး ဂျူဗင်တပ်စ်က နောက်ဆုံးစီးရီးအေနှစ်ပွဲဆက်လည်း နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဗီလာရီးယဲလ်ကတော့ လာလီဂါမှာ သုံးပွဲဆက်အနိုင်ရထားတာကြောင့် လတ်တလောစွမ်းဆောင်ရည်က ဂျူဗင်တပ်စ်ထက် ပိုကောင်းနေပါတယ်။ ထိပ်တိုက်ဆုံတွေ့မှုတွေမှာလည်း ဗီလာရီးယဲလ်က အသာစီးရထားတာကြောင့် အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။

အခြားပွဲစဉ်များ

ကာရာဘတ် - ကိုပင်ဟေဂင်
* လေဗာကူဆင် - PSV
* ဒေါ့မွန် - ဘီလ်ဘာအို
* နာပိုလီ - စပို့တင်းလစ္စဘွန်း

မူရင်းသတင်း — Eleven Media Group