Eleven Media Group

နည်းပြ ပိုစတီကိုဂလူး ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေ လှောင်ပြောင်အော်ဟစ်

Photo: X

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ပရိသတ်တွေဟာ မစ်ဂျေးလန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာ နည်းပြ ပိုစတီကိုဂလူး ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ လှောင်ပြောင်အော်ဟစ်ခဲ့ကြကြောင်း သိရပါတယ်။
ပိုစတီကိုဂလူးဟာ စက်တင်ဘာ(၉)ရက်ကမှ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ(၆)ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲမရသေးဘဲ (၂)ပွဲသရေ၊ (၄)ပွဲရှုံးထားပါတယ်။
လိဂ်ဖလားပြိုင်ပွဲမှာ လိဂ်ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းကိုပါ ရှုံးနိမ့်ခဲ့တာကြောင့်လည်း နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေက ပိုစတီကိုဂလူးကို လိုလားမှုမရှိတော့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယူရိုပါလိဂ်ပွဲမှာ ဧည့်သည် မစ်ဂျေးလန်းအသင်းက တတိယမြောက်ဂိုးသွင်းယူပြီး (၃-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ချိန်မှာ နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေက ''မနက်ကျရင် ရာထူးက ထုတ်ပယ်ခံရပြီ'' လို့ ပိုစတီကိုဂလူးကို လှောင်ပြောင်အော်ဟစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။
ပိုစတီကိုဂလူးကတော့ ပရိသတ်တွေရဲ့ အော်ဟစ်သံကို ကြားကြောင်း၊ ဘောလုံးလောကမှာ ဖြစ်နေကျမို့ မအံ့သြကြောင်း၊ နိုင်ပွဲမရသေးပေမဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group