Eleven Media Group

ရာသီဝက်ကာလမှာ ဆော်ဒီကို ခြေစမ်းပွဲ သွားရောက်ကစားဖို့ မန်ယူအသင်း ဆွေးနွေးနေ

Photo: Getty Images

မန်ယူအသင်းဟာ ရာသီဝက်ကာလမှာ ဆော်ဒီနိုင်ငံကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
မန်ယူအသင်းအနေနဲ့ လက်ရှိသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖို့မရှိသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်တာကြောင့် ဆောင်းရာသီကာလရဲ့ ကြားရက်တွေမှာ ပွဲမကစားရဘဲ အားလပ်ရက်တွေရရှိနေမှာပါ။
ဒါကြောင့် ဝင်ငွေလျော့ကျမယ့် အခြေအနေကို သက်သာစေဖို့အတွက် ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း The Athletic အားကစားဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ခြေစမ်းပွဲကစားဖို့ သဘောတူညီမှု မရသေးပေမဲ့ ကစားဖြစ်ခဲ့ရင် ပေါင်သန်းနဲ့ချီပြီး ဝင်ငွေရရှိနိုင်ကြောင်း သိရပါတယ်။
မန်ယူအသင်း မတိုင်ခင်က နယူးကာဆယ်၊ ဘာစီလိုနာအသင်းတို့လည်း ရာသီဝက်ကာလမှာ ဆော်ဒီကို သွားရောက်ပြီး ခြေစမ်းပွဲကစားခဲ့ဖူးကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group