
ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်- အာဆင်နယ်ပွဲမှာ ပယ်နယ်တီမပေးတဲ့ VAR ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပရီးမီးယားလိဂ်ဒိုင်အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က ထောက်ခံပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် (၁-၂) အာဆင်နယ်ပွဲ ပထမပိုင်း ၁၅ မိနစ်မှာ အာဆင်နယ်အသင်း တိုက်စစ်မှူး ယိုကယ်ရက်စ်ကို နယူးကာဆယ်ဂိုးသမား နစ်ပုပ် ပယ်နယ်တီဧရိယာအတွင်း တားဆီးမှုကို ကွင်းလယ်ဒိုင် ဂျီးလတ်က ပယ်နယ်တီပေးဖို့ သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ VAR ဒိုင် ဒါရင်းအင်္ဂလန်က အဆိုပါဖြစ်ရပ်ကို ပြန်လည်ကြည့်ရှုစစ်ဆေးဖို့ တိုက်တွန်းခဲ့ပြီးနောက် ဂျီးလတ်က ဆုံးဖြတ်ချက်ပြင်ဆင်ပြီး ပယ်နယ်တီကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ Match Officials Mic'd Up ရုပ်သံအစီအစဉ်မှာ ဟောင်းဝပ်ဝက်ဘ်က '' VAR က ပယ်နယ်တီ စစ်ဆေးခဲ့ပါတယ်။ ပုပ်ရဲ့လှုပ်ရှားမှုက ပုံမှန်ပါပဲ။ ဒါက မဆင်မခြင်လုပ်တာမဟုတ်ဘဲ ဘောလုံးဆီကို ကန်လိုက်တာပဲဖြစ်တယ်။ ဘောလုံးထွက်သွားချိန်အထိ သူက တခြားကစားသမားနဲ့ ထိမိခြင်းမရှိပါဘူး။ အဲဒီနောက်မှာတော့ ထိတွေ့မှု ဖြစ်ခဲ့ပြီး ပုံမှန်အားဖြင့် ဒါက ပြစ်ဒဏ်ဘော မဟုတ်ပါဘူး။ ဒါကြောင့် တကယ်ဖြစ်ခဲ့တာက ဘာတွေလဲဆိုတာ ဒိုင်ကိုပြသဖို့အတွက် VAR ကို ကြားဝင်စေဖို့ အသုံးပြုခဲ့ရတာပါ'' လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဲဒီပွဲမှာ နောက်က လိုက်ကစားရပေမဲ့ ပွဲပြီးခါနီး ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။