
အင်္ဂလန်အသင်းဟာ ယခုလအတွင်း ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် ကစားသမား ၂၄ ဦးစာရင်းကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပြီး အာဆင်နယ်တောင်ပံကစားသမား ဆာကာ ပြန်လည်ပါဝင်လာခဲ့ပေမဲ့ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ မန်စီးတီးတောင်ပံကစားသမား ဖိုဒန်နဲ့ အဲဗာတန်တောင်ပံကစားသမား ဂရီးလစ်ရှ်တို့ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၉ ရက်မှာ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အောက်တိုဘာ ၁၄ မှာ လတ်ဗီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။
ဒီအတွက် နည်းပြ သောမတ်စ်တူဟယ်လ်က လူရွေးချယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ သက်ဆိုင်ရာကလပ်အသင်းတွေအတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတချို့ ချန်လှပ်ခံရတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သောမတ်စ်တူဟယ်လ်က ပြီးခဲ့သည့် စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်မှာ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်ကစားသမား ဆာကာကို ပြန်လည်ရွေးချယ်ခဲ့ပေမဲ့ ရီးယဲလ်အသင်းအတွက် ပြန်ကစားနိုင်ပြီဖြစ်တဲ့ ဘယ်လင်ဂမ်ကို ချန်လှပ်ခဲ့ခြင်းအတွက် အဓိကမေးခွန်းထုတ်ခံခဲ့ရကြောင်းလည်း သိရပါတယ်။
ဘယ်လင်ဂမ်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ စက်တင်ဘာလ ခြေစစ်ပွဲများနှင့် လွဲချော်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ ရီးယဲလ်အသင်းအတွက် လေးပွဲဆက်တိုက် ပြန်ကစားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
သောမတ်စ်တူဟယ်လ်က နောက်ဆုံးစခန်းသွင်းခဲ့ချိန်ဟာ သုံးပတ်သာ ရှိသေးတဲ့အတွက် နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အဲဒီလူစာရင်းကို အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းပြောကြားခဲ့ပါတယ်။
အခုရွေးချယ်လိုက်တဲ့ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးလူစာရင်းမှာ မန်ယူနဲ့ လီဗာပူးလ်အသင်းက ကစားသမားတစ်ဦးမှ ပါဝင်ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းကလည်း ရီးစ်ဂျိမ်းစ်တစ်ဦးသာ ပါဝင်တဲ့အတွက် ပရိသတ်တချို့က လှောင်ပြောင်ခဲ့ကြကြောင်းလည်း သိရပါတယ်။