
အချက်အလက်များအပေါ် အခြေခံတွက်ချက်တဲ့ နာမည်ကျော် Opta ဝက်ဘ်ဆိုက်က လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲမှာ အာဆင်နယ်အသင်း ပွဲအချောင်ဆုံးဖြစ်ပြီး လီဗာပူးလ်အသင်းက ဒုတိယပွဲအကျပ်ဆုံးဖြစ်နေကြောင်း သုံးသပ်ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် (၅)ပွဲမှာ ချယ်လ်ဆီး (အဝေးကွင်း)၊ မန်ယူ(အိမ်ကွင်း)၊ ဘရန့်ဖို့ဒ် (အဝေးကွင်း)၊ အက်စတွန်ဗီလာ(အိမ်ကွင်း)၊ မန်စီးတီး(အဝေးကွင်း)တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒုတိယပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံရတာပါ။
Opta က ပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံရတဲ့အသင်းက ဘရန့်ဖို့ဒ်အသင်းဖြစ်ပြီး မန်စီးတီး (အိမ်ကွင်း)၊ ဝက်စ်ဟမ်း(အိမ်ကွင်း)၊ လီဗာပူးလ်(အိမ်ကွင်း)၊ ခရစ္စတယ်ပဲလေ့စ်(အဝေးကွင်း)၊ နယူးကာဆယ်(အိမ်ကွင်း)တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းက လာမည့်ပွဲစဉ်(၅)ပွဲမှာ ထိပ်သီးအသင်းတွေနဲ့ ဆုံတွေ့ရခြင်းမရှိဘဲ ဝက်စ်ဟမ်း(အိမ်ကွင်း)၊ ဖူလ်ဟမ်(အဝေးကွင်း)၊ ခရစ္စတယ်ပဲလေ့စ်(အိမ်ကွင်း)၊ ဘန်လေ(အဝေးကွင်း)၊ ဆန်းဒါးလန်း(အဝေးကွင်း)တို့နဲ့သာ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ပွဲအချောင်ဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ပွဲကျပ်နေချိန်မှာ အာဆင်နယ်အသင်းက ပွဲအချောင်ဆုံးဖြစ်နေတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်အသင်းက အားသာချက်ရရှိသွားနိုင်ကြောင်းလည်း Opta က သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အပြီးမှာ လီဗာပူးလ်နဲ့ နှစ်မှတ်အကွာ ဒုတိယနေရာ ရပ်တည်နေပေမဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ ၅း၄ လေး သတ်မှတ်ထားပြီး လီဗာပူးလ်အသင်းက ၁၅း၈ လေးဖြင့် ဒုတိယနေရာ၊ မန်စီးတီးအသင်းက ၅း၁ လေးဖြင့် တတိယနေရာမှာ ရှိနေပါတယ်။
အခုလို အလေးပေးမှု ပြောင်းလဲသွားခြင်းဟာ လာမယ့်ပွဲစဉ် ၅ ပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်သူနေရာကို လွှဲပြောင်းရယူနိုင်ဖို့ အလားအလာကောင်းနေတာကြောင့်ဖြစ်ကြောင်းလည်း သိရပါတယ်။