
မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အသင်းရဲ့ ရှုံးပွဲတွေဟာ ၃-၄-၃ ကစားပုံကြောင့် မဟုတ်ဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
အာမိုရင်မ်ဟာ ၃-၄-၃ ကစားပုံနဲ့အတူ စပို့တင်းလစ္စဘွန်းအသင်းမှာ အောင်မြင်မှုရရှိခဲ့သူဖြစ်ပြီး မန်ယူအသင်းမှာလည်း အဲဒီကစားပုံကို ဆက်လက်အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး (၄၉)ပွဲ ကိုင်တွယ်ရာမှာ (၁၈)ပွဲနိုင်၊ (၁၂)ပွဲသရေ၊ (၁၉)ပွဲရှုံးခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ပိုဆိုးခဲ့ပြီး ဖာဂူဆန်နောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းအနည်းဆုံးဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်သူအများစုက မန်ယူကစားသမားတွေနဲ့ မကိုက်ညီတဲ့ ၃-၄-၃ ကစားပုံကြောင့်လို့ ထောက်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ အာမိုရင်မ်က ကစားပုံကြောင့် မဟုတ်ကြောင်းနဲ့ ကစားပုံပြောင်းလိုက်ရင်လည်း ပိုကောင်းလာမယ်လို့ မပြောနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရွန်နီနဲ့ ဂယ်ရီနဗီးလ်တို့ ဝေဖန်ကြတာဟာ ပုံမှန်သာဖြစ်ကြောင်းနဲ့ မိမိအနေနဲ့ ရလဒ်ဆိုးတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဆန်းဒါးလန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်မ်အတွက် မန်ယူနည်းပြဘဝ ပွဲ(၅၀)ပြည့်လည်း ဖြစ်လာမှာပါ။