
ရီးယဲလ်နည်းပြ အလွန်ဆိုက အသင်းမှာ ကစားဖို့ငြင်းဆန်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ ဒီနေ့ ပြုလုပ်တဲ့ ဗီလာရီးယဲလ်နဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အလွန်ဆိုဟာ ဥရုဂွေးကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီကို ညာနောက်ခံနေရာမှာ ကစားဖို့ ညွှန်ကြားခဲ့ရာမှာ ဗယ်လ်ဗာဒီက မကစားနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် ကိုင်ရတ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အရန်ခုံထိုင်ခဲ့ရကြောင်း သတင်းထွက်ခဲ့ပါတယ်။
ဒီအတွက် ဗယ်လ်ဗာဒီက အဲဒီသတင်း မှန်ကန်မှုမရှိကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ဖြေရှင်းခဲ့သလို အလွန်ဆိုကလည်း သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြောကြားခဲ့တာပါ။
''ဗယ်လ်ဗာဒီရော ရိုဒရီဂိုရော ဗင်နီစီယပ်စ်ရော ဘယ်ကစားသမားကမှ နေရာအတိအကျနဲ့ မကစားချင်ဘူးလို့ ကျွန်တော့်ကို မပြောခဲ့ဖူးပါဘူး။ အဲဒီလို အဖြစ်အပျက်တွေ မရှိပါဘူး။ သူတို့အားလုံး ကစားချင်ကြပါတယ်။ အသင်းအတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ ကျွန်တော်က ရွေးချယ်ရ၊ ဆုံးဖြတ်ရတာပါ။ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။ ကျွန်တော်က နည်းပြဖြစ်ပေမဲ့ ကစားသမားတွေနဲ့ အပြန်အလှန်လေးစားမှုရှိပါတယ်'' လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗယ်လ်ဗာဒီဟာ အသင်းအတွက် အရေးပါသူဖြစ်ကြောင်းနဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။