
မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၂၅၀) အမြန်ဆုံးပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက် ဂန္ထဝင်နည်းပြတွေဖြစ်တဲ့ ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့ကို ဖိတ်ခေါ်ပြီး ညစာအတူစားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်နိုင်ပွဲ(၂၅၀)ပြည့်မြောက်ခဲ့ပြီး အဲဒီအတွက် (၃၄၉)ပွဲသာ အချိန်ယူခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ (၂၅၀) အမြန်ဆုံးပြည့်မြောက်တဲ့နည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
အရင်က ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၂၅၀)အမြန်ဆုံး ပြည့်မြောက်သူအဖြစ် မန်ယူနည်းပြဟောင်း ဖာဂူဆန်က (၄၀၄)ပွဲနဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက (၄၂၃)ပွဲနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့တာပါ။
''ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နဲ့အတူ ယှဉ်တွဲရပ်တည်နိုင်တာ ဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော် သူတို့ကို ညစာစားဖို့ ဖိတ်ကြားသွားမှာပါ။ ပရီးမီးယားလိဂ်ရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အတွက်လည်း တကယ့်ကို ကြည်နူးမိပါတယ်။ အခု နောက်ထပ် နိုင်ပွဲ (၂၅၀)အတွက် ကြိုးစားသွားမှာပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ခေတ်မှာ နိုင်ပွဲ(၂၅၀)ပြည့်အောင် စွမ်းဆောင်နိုင်တဲ့နည်းပြက ဂွါဒီယိုလာ၊ ဖာဂူဆန်၊ အာစင်ဝင်းဂါးနဲ့ ဒေးဗစ်မွိုက်စ်တို့ (၄)ဦးသာရှိပြီး ဒေးဗစ်မွိုက်စ်ကတော့ အသင်းတစ်သင်းတည်းအတွက်မဟုတ်ဘဲ အသင်းများစွာကို ကိုင်တွယ်ပြီး ရယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။