
ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အုပ်စုအဆင့် ပြီးဆုံးခဲ့ပြီး ရှုံးထွက်အဆင့်ကို ရောက်ရှိလာပါပြီ။
အုပ်စုအဆင့်မှာ အသင်း(၂၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပထမ၊ ဒုတိယရတဲ့အသင်းတွေနဲ့အတူ အကောင်းဆုံးအုပ်စုတတိယ(၄)သင်းလည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ရှုံးထွက်(၁၆)သင်းအဆင့်မှာ ချီလီ - မက္ကဆီကို၊ အာဂျင်တီးနား - နိုင်ဂျီးရီးယား၊ ယူကရိန်း - စပိန်၊ ကိုလံဘီယာ - တောင်အာဖရိက၊ အမေရိကန် - အီတလီ၊ မော်ရိုကို - တောင်ကိုရီးယား၊ ပါရာဂွေး - နော်ဝေ၊ ဂျပန် - ပြင်သစ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အောက်တိုဘာ (၇၊ ၈၊ ၉)ရက်တွေမှာ ယှဉ်ပြိုင်ကစားရမှာပါ။
အုပ်စုအဆင့် ဖြတ်သန်းမှုအရ ဂျပန်နဲ့ အာဂျင်တီးနားတို့က ရာနှုန်းပြည့်အနိုင်ရခဲ့တာကြောင့် ခြေစွမ်းအပြနိုင်ဆုံးအသင်းတွေဖြစ်နေကြပြီး ဂျပန်ကတော့ ပွဲတိုင်းမှာ Clean Sheet ရလဒ်တွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပြင်သစ်နဲ့ စပိန်တို့က အကောင်းဆုံးအုပ်စုတတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကတော့ အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရပါတယ်။