Eleven Media Group

ဆီဗီလာနဲ့ပွဲမှာ ပထမပိုင်းကစားပုံ အလွန်ဆိုးရွားခဲ့တယ်လို့ ပတ်ဒရီ ဝန်ခံ

Photo: X

ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ပတ်ဒရီက ဆီဗီလာကို (၁-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ပထမပိုင်းကစားပုံက အလွန်ဆိုးရွားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အဲဒီပွဲ ပထမပိုင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီး ပွဲပြီးခါနီးမှာ (၂)ဂိုးထပ်အသွင်းခံခဲ့ရတာကြောင့် (၁-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
''ပထမပိုင်းကစားပုံက အရမ်းဆိုးရွားပါတယ်။ အရင်က ဒီနေ့လောက် ဆိုးဆိုးရွားရွားကစားခဲ့ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ ပြင်းပြတဲ့ စိတ်ဆန္ဒမရှိခဲ့သလို၊ တိုက်စစ်ရော ခံစစ်မှာပါ ဘယ်လိုကစားရမလဲ မသိအောင် ဖြစ်ခဲ့ရပါတယ်။ တစ်ဦးချင်းရော အသင်းလိုက်အမှားတွေပါ စုပေါင်းလိုက်တဲ့အခါ ပေးဆပ်ရတာတွေ များပြားသွားခဲ့တာပါပဲ'' လို့ ပတ်ဒရီက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းမှာ (၂-၂)ဂိုး သရေကျနိုင်တဲ့ အခွင့်အရေးရရှိခဲ့ပေမဲ့ လီဝန်ဒေါစကီး ပယ်နယ်တီ ဝင်အောင်မသွင်းနိုင်ခဲ့တာကိုတော့ ပတ်ဒရီက ပယ်နယ်တီဆိုတာ လွဲတတ်တာကြောင့် အပြစ်တင်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုလို ရှုံးပွဲတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရီးယဲလ်မက်ဒရစ်အသင်းဆီ လွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။

မူရင်းသတင်း — Eleven Media Group