Eleven Media Group

(၁၇)ပွဲကိုင်တွယ်အပြီးမှာ ရိန်းဂျားစ်နည်းပြရာထူးက ရပ်ဆဲလ်မာတင် ထုတ်ပယ်ခံရ

Photo: Sky Sports

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ဖယ်လ်ကာ့ခ်အသင်းနဲ့ (၁-၁)ဂိုး သရေကျခဲ့တဲ့နောက် နည်းပြ ရပ်ဆဲလ်မာတင်ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
စကော့တလန်လက်ရွေးစင်ဟောင်း ရပ်ဆဲလ်မာတင်(၃၉ နှစ်)ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ဆောက်သမ်တန်နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ၂၀၂၅ ဇွန်လမှာ ရိန်းဂျားစ်အသင်းရဲ့နည်းပြအဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာပါ။
ဒါပေမဲ့ ပြိုင်ပွဲစုံ(၁၇)ပွဲ ကိုင်တွယ်ရာမှာ (၅)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၆)ပွဲရှုံးခဲ့ပြီး စကော့တလန်လိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၈)နေရာရောက်ခဲ့တာကြောင့် ရိန်းဂျားစ်အသင်းတာဝန်ရှိသူတွေက ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရပ်ဆဲလ်မာတင်ဟာ ရိန်းဂျားစ်အသင်းကို (၁၂၃)ရက်သာ ကိုင်တွယ်ခွင့်ရခဲ့တာကြောင့် အသင်းရဲ့သမိုင်းမှာ သက်တမ်းအတိုဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ရိန်းဂျားစ်အသင်းရဲ့ ပရိသတ်တွေကတော့ အသင်းရဲ့အမှုဆောင်ချုပ် ပတ်ထရစ်စတီးဝပ်ကိုလည်း ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုနေကြကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group