Eleven Media Group

ဖလော်ရီယန်ဗက်ဇ်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ရီးယဲလ်တာဝန်ရှိသူတွေကို အလွန်ဆို တိုက်တွန်းထား

Photo: X

ရီးယဲလ်အသင်းရဲ့နည်းပြ ရှာဘီအလွန်ဆိုဟာ လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဂျာမန်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ရီးယဲလ်အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။
ဖလော်ရီယန်ဗက်ဇ်(၂၂ နှစ်)ဟာ ဒီနွေမှာ လေဗာကူဆင်ကနေ လီဗာပူးလ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၁၀၇)သန်း+ Add-ons ကြေး ပေါင်(၁၆)သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၉)ပွဲကစားပြီးချိန်မှာ ဂိုးလည်းမသွင်းနိုင်၊ ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်သေးပါဘူး။
ဒါကြောင့် 009 လို့ လှောင်ပြောင်မှုတွေ ရှိနေပြီး လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတချို့ကလည်း ဖလော်ရီယန်ဗက်ဇ်ရဲ့ ခြေစွမ်းကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တချို့ကတော့ ဖလော်ရီယန်ဗက်ဇ်ဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ ဒီရာသီ ဂိုးသွင်းဖို့ အခွင့်အရေးအများဆုံးဖန်တီးပေးထားသူဖြစ်ပြီး အသင်းဖော်တွေ အသုံးမချနိုင်တာကြောင့်သာ ဝေဖန်ခံနေရတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဖလော်ရီယန်ဗက်ဇ်ဟာ အလွန်ဆို လေဗာကူဆင်အသင်းကို ကိုင်တွယ်စဉ်က အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်တာကြောင့် လီဗာပူးလ်မှာ အဆင်မပြေရင် ရီးယဲလ်ကို ခေါ်ယူဖို့ အလွန်ဆိုက ဆန္ဒရှိနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group