
ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းသတ်ဖြတ်ပြီး အမှိုက်အိတ်ဖြင့် ထည့်ထားခဲ့မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။
အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပန်းဘဲတန်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ၃၂လမ်း (အထက်)ရှိ Beauty Land Hotel ၌ အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခံရပြီး အခန်းအပြင်ဘက်ရှိ လေအေးပေးစက်တပ်ဆင်ထားရှိသည့် စင်ပေါ်တွင် အမှိုက်အိတ်အပြာဖြင့် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခု သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေတာတော့ တွေ့တယ်။ ဟိုတယ်ကိုတော့ ပိတ်ထားတာတွေ့တယ်။ ဖြစ်စဉ်ကတော့ တော်တော်လေးကို ရက်ရက်စက်စက်လုပ်သွားတဲ့ ပုံစံပဲ” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အမှုနှင့်ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များအား စုံစမ်းလျက်ရှိကြောင်းနှင့် လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။