Eleven Media Group

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်တယ်လို့ ကိုင်စီဒို ပြောကြား

Photo: X

အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုက ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦး ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုင်စီဒိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ကွန်တေ၊ မက်ခီလီလီတို့နဲ့ နှိုင်းယှဉ်ချီးကျူးခြင်းခံနေရပါတယ်။
ကိုင်စီဒိုဟာ ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေးပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဒီရာသီမှာလည်း ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (၃)ကြိမ်ရရှိပြီး အများဆုံးရရှိသူအဖြစ် ရပ်တည်နေပါတယ်။
ဒါကြောင့် မက်ခီလီလီ၊ ကွန်တေတို့နဲ့ နှိုင်းယှဉ်မှုအပေါ် ကိုင်စီဒိုက ''ပရိသတ်တွေ ကျွန်တော့်ကို ချစ်ကြတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကွန်တေ ဒါမှမဟုတ် မက်ခီလီလီနဲ့ ကျွန်တော်က အဝေးကြီးပါပဲ။ သူတို့ ဒီမှာ လုပ်ဆောင်ခဲ့တာ အများကြီးပါ။ ကျွန်တော် ကြိုးစားရဦးမှာပါ။ ကျွန်တော် ဒီအသင်းမှာ ဂန္ထဝင်တစ်ဦး ဖြစ်ချင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group