Eleven Media Group

မုဒုံမြို့နယ်၊ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူးရုံးတွင်ပစ်ခတ်မှုများဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေ‌ဆုံး

မွန်ပြည်နယ်၊ မုဒုံမြိုနယ် ကမာဝက်မြို့ရှိ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူံခြုံ‌ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေ‌ဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါကမာဝက်မြို့ မုဒုံ - သံဖြူဇရပ်ကားလမ်းဘေးရှိ မြို့အုပ်ချုပ်ရေးမှူးရုံးအား သေနတ်သမား နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအစောင့် လူံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်းနှင့် အရပ်သားမှာလည်း အုပ်ချူပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဥိးဖြစ်‌သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကမာဝက်မြို့ အုပ်ချုပ်‌ရေးမှူးရုံးကို ဘယ်အဖွဲ့က လာပစ်သွားလဲတော့ဘမသိရသေးဘူး။ ကမာဝက်မြို့ပေါ်မှာကို ပစ်ခတ်မှုတွေမကြာခဏဖြစ်လာနေတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်ကလည်း မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ထောင်ကေးရပ်ကွက်နေ အသက် (၂၅) နှစ်အရွယ် မောင်ကောင်းဇော်လင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် (၂၁) နှစ်အရွယ် မနှင်းရီဦးတို့နှစ်ဦးမှာ ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဇယ်ဘုရားရှေ့ရှိ "ကြက်ကင်/အသုတ်စုံ" ဆိုင်တွင်ဈေးရောင်းချနေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group