Eleven Media Group

■ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အနားယူရန်အထိ စဉ်းစားခဲ့တယ်လို့ ဂျွန်စတုန်းစ် ဝန်ခံ

အင်္ဂလန်နဲ့ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်က ပြီးခဲ့တဲ့ရာသီ ဒဏ်ရာပြဿနာတွေကြောင့် အနားယူရန်အထိ စဉ်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

စတုန်းစ်(၃၁ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေဖဝါး၊ တံကောကြောဒဏ်ရာတွေနဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲသာ ကစားခဲ့ရပြီး ဖေဖော်ဝါရီလမှာကတည်းက ရာသီပြီးဆုံးခဲ့ရပါတယ်။

၎င်းအနေနဲ့ အင်္ဂလန်အသင်းကို မေဂျာပြိုင်ပွဲ ငါးပွဲ ကိုယ်စားပြုကစားခဲ့ပေမဲ့ ၂၀၂၄ အောက်တိုဘာလကတည်းက လက်ရွေးစင်အသင်းမှာ မပါဝင်နိုင်တော့ပါ။

စတုန်းစ်ဟာ ကြာသပတေးနေ့ ဝင်ဘလေမှာကစားမယ့် ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ အောက်တိုဘာလ ၁၄ ရက် လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

''ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော့်အဖို့ ခက်ခဲပါတယ်။ ဘောလုံးကစားတာကို ရပ်တန့်ဖို့တောင် တွေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီလိုမလုပ်ချင်ပါဘူး။ ကျွန်တော့်အဖို့ ပရော်ဖက်ရှင်နယ်အဖြစ်နဲ့ အရာရာတိုင်းကို အစွမ်းကုန်ကြိုးစားဖို့ လုံလောက်မှု
ရှိပါတယ်။ အဲဒီနောက်မှာတော့ ကျိုးပျက်ခဲ့ရပါတယ်။ ပြီးတော့ ဒီအတွက် အဖြေမရှိပါဘူး။ ရှင်သန်နေထိုင်ဖို့ ခက်ခဲတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်''လို့ စတုန်းစ်က ပြောခဲ့ပါတယ်။

လက်ရှိရာသီမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီယက်စ်-ဂီဗာဒီယိုလ်အတွဲကို ဦးစားပေးသုံးနေပေမဲ့ စတုန်းစ်အနေနဲ့ ငါးပွဲ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။

မူရင်းသတင်း — Eleven Media Group