Eleven Media Group

ဆော်ဒီမှာ ကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၅ ဇန်နဝါရီမှ ကျင်းပဖွယ်ရှိနေပြီး ပိုကောင်းတဲ့အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့ အင်ဖန်တီနို ဆို

Photo: X

ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားတဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၄ ခုနှစ်အတွင်း မကျင်းပဘဲ ၂၀၃၅ ဇန်နဝါရီမှ ကျင်းပဖွယ်ရှိနေကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးခဲ့တဲ့ ပြိုင်ပွဲ ၂၂ ကြိမ်အနက် ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ကြိမ်သာ ဆောင်းရာသီအတွင်း ကျင်းပခဲ့ပြီး ကျန်ပြိုင်ပွဲအားလုံးကို နွေရာသီမှာသာ ကျင်းပခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အနာဂတ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကျင်းပဖို့ စဉ်းစားခဲ့ပေမဲ့ Ramadan ဥပုသ်ကာလဖြစ်နေသည့်အတွက် ၂၀၃၅ ဇန်နဝါရီကို ပြောင်းလဲကျင်းပဖွယ်ရှိနေ ခြင်းဖြစ်ကြောင်း သိရပါတယ်။
FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ဘောလုံးလောကအနေနဲ့ စိတ်ကူးသစ်တွေအတွက် လမ်းဖွင့်ပေးထားဖို့ လိုအပ်ပြီး ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
''ကျွန်တော်တို့မှာ နွေရာသီ နဲ့ ဆောင်းရာသီ ရှိနေပြီး ခင်ဗျားအနေနဲ့ ဆန္ဒရှိရင် ဘယ်နေရာမှာမဆို မတ်လ ဒါမှမဟုတ် အောက်တိုဘာမှာ ကစားနိုင်ပါတယ်။ အခု ဒီဇင်ဘာမှာ ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသက မကစားနိုင်သလို၊ ဇူလိုင်မှာလည်း ကမ္ဘာရဲ့တစ်စိတ်တစ်ဒေသက မကစားနိုင်ဘူးဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ စဉ်းစားဖို့ လိုပါတယ်။ အားလုံးအတွက် ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။ ကျွန်တော်တို့ စိတ်ကူးသစ်တွေနဲ့အတူ ဆွေးနွေးနေပါတယ်''လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် အင်ဖန်တီနိုအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားကစပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့်ကာလကို အပြောင်းအလဲပြုလုပ်ခဲ့ပါက ဥရောပပြိုင်ပွဲတွေ ကျင်းပတဲ့ကာလကိုလည်း အပြောင်းအလဲပြုလုပ်ရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group