
ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းရဲ့ နံပါတ်(၁) ဖြစ်နေဆဲလို့ ပြောကြားခဲ့ပါတယ်။
မနေ့က Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဘာပေက အဲဒီလိုပြောကြားခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ စံပြကစားသမားအဖြစ် အစဉ်အမြဲတည်ရှိနေတယ်လို့လည်း ဆိုခဲ့ပါတယ်။
''ခရစ္စတီယာနိုက ကျွန်တော့်အတွက်တော့ စံပြကစားသမားအဖြစ် အမြဲရှိနေတာပါ။ သူနဲ့ စကားပြောခွင့်ရတာကပဲ ကျွန်တော် ကံကောင်းနေပါပြီ။ သူက ကျွန်တော့်ကို အကြံညဏ်ပေးသလို၊ အကူအညီလည်း ပေးပါတယ်။ သူက မက်ဒရစ်မှာ နံပါတ်(၁)ဖြစ်နေဆဲပဲလို့ ထင်ပါတယ်။ သူက ရီးယဲလ်ကစားသမားတွေအတွက် ရည်ညွှန်းပြောရတဲ့သူပါ။ ပရိသတ်တွေကလည်း ခရစ္စယာနိုအကြောင်း အိပ်မက်မက်နေကြတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းနဲ့ပဲ သူ့နောက်လိုက်ချင်ပါတယ်'' လို့ ဘာပေက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၄၅၀)သွင်းခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး ဘာပေကတော့ ရီးယဲလ်ကစားသမားဘဝ (၁၆)လတာကာလအတွင်းမှာ (၅၈)ဂိုးသွင်းယူထားပါတယ်။
ဘာပေက ကောလာဟလသတင်းတွေ ထွက်နေပေမဲ့ ရီးယဲလ်အသင်းဖော် ဗင်နီစီယပ်စ်နဲ့ သူ့ရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်နေကြောင်းလည်း အဲဒီအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။